Friday, January 14, 2011

မော်တော်ယာဉ် စီးနင်းသူများ အားလုံး ခါးပတ်တပ်ဆင်ရမည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် စီစဉ်

ရန်ကုန်၊ ဇန်နဝါရီ ၅- မော်တော်ယာဉ်တိုင်းတွင် ခါးပတ်တပ်ဆင် အသုံးပြုရန်အတွက် “ခါးပတ်ဥပဒေ” တစ်ရပ် ပြဋ္ဌာန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာပေးရေးနှင့် စည်းကမ်းသတ်မှတ်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုနှင့် ကြုံတွေ့ရသော်လည်း ယာဉ်ပေါ်ပါသူများက ခါးပတ်ပတ်ထားလျှင် လူ့အသက် အန္တရယ် ဆုံးရှုံးမှု ရာခိုင်နှုန်း နည်းပါးစေနိုင်မည် ဖြစ်ကြောင်း သိရသည်။ “၁၉၆၄ မော်တော်ယာဉ် ဥပဒေမှာလဲ ဒီဥပဒေ မပါသေးဘူး။ ဒီဥပဒေမှာဆိုရင် ကားတွေ တင်သွင်းရာမှာလဲ ခါးပတ်ပါရမယ်။ ယာဉ်မောင်းတွေ၊ ခရီးသည်တွေ ခါးပတ်ပတ်ပြီး စီးနင်းရမယ် စတဲ့ အခြေခံ အချက်တွေ ပါဝင်ပါမယ်။ လိုက်နာမှု မရှိရင်လဲ အရေးယူမယ့် အပိုင်းတွေ ပါဝင်လာမှာ ဖြစ်ပါတယ်” ဟု ယင်းက ထပ်မံပြောသည်။
ယခုအခါ ပုဂ္ဂလိက မော်တော်ယာဉ်တင်သွင်းခွင့်များလည်း ချထားပေးပြီးဖြစ်ရာ အမြန်လမ်းများလည်း ပေါ်ထွန်းလာဦးမည် ဖြစ်ကြောင်း၊ ယင်းသို့ ခရီးသွား သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အဆင့်မြင့်လာသည့်အခါ မော်တော်ယာဉ်များ စီးနင်းရာတွင် ခါးပတ်ပတ်ရခြင်းမှာ အခြေခံလိုအပ်ချက် တစ်ခုပင် ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။
“နိုင်ငံတကာမှာဆိုရင်တော့ ကားစီးရင်ခါးပတ်ပတ်ရမယ်ဆိုတဲ့ အသိတွေ ရှိနေကြပြီ။ မြန်မာနိုင်ငံမှာတော့ ခါးပတ်ကို ရှုပ်တယ်လို့တောင် ထင်နေကြတာ။ နောက်ပိုင်းလမ်းတွေ၊ ကားတွေ အဆင့်မြင့်လာပြီဆိုရင်တော့ ဒီအချက်ကလဲ ရှိသင့်တဲ့ အချက်တစ်ခုပါ။ မြန်မာခရီသွားတွေ ခါးပတ်ပတ်တာကို ကျင့်သားရအောင်လို့ အခုကတည်းက ဥပဒေ ပြဋ္ဌာန်းမှာ ဖြစ်ပါတယ်” ဟု ယင်းကဆိုသည်။
ယခုနောက်ပိုင်းတွင် မော်တော်ယာဉ် တင်သွင်းသော ကုမ္ပဏီများအနေဖြင့် ခါးပတ် တပ်ဆင်ပြီး ယာဉ်များကို ဦးစားပေး ဝယ်ယူကြကာ လက်ရှိ မောင်းနှင်ပြေးဆွဲလျက်ရှိသော ယာဉ်များတွင် ခါးပတ်မပါရှိကလည်း ပြန်လည်တပ်ဆင် အသုံးပြုရန် ယာဉ်မောင်းများကို ညွှန်ကြားထားကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူက ပြောသည်။
Ref: The Flower News

မြန်မာသတင်းရပ်ဝန်းမှာ ဖော်ပြထားစဉ်တုန်းက ကူးယူထားတာ ဖြစ်ပါတယ်။

1 comment:

  1. လက်လန်တယ် ... လက်လန်တယ်...မကြားဖူးသေးတဲ့ ဥပဒေမို့ စိတ်ဝင်စားတယ်ဗျိုး

    ReplyDelete